ข่าว rfa
ရှမ်းပြည်နယ်၊ မြောက်ပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ ပူးပေါင်းပြီး အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေကို ပြန်လည် တိုက်ခိုက်နေပါတယ်။
သြဂုတ်လ ၂၈ ရက်နေ့ မနေ့ နေ့လယ်ပိုင်းက စပြီး ရှမ်းပြည်နယ် မြောက်ပိုင်း မုံကိုးမြို့နယ် မန်ခွမ်ရွာအနီးမှာ KIA၊ MNDAA နှစ်ဖွဲ့ ပူးပေါင်းထားတဲ့ တပ်ဖွဲ့နဲ့ မြန်မာ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
သြဂုတ်လ ၂၉ ရက် ဒီနေ့မနက် အစောပိုင်းမှာတော့ တိုက်ပွဲတွေ ခဏ ပြန်ငြိမ်သွားပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ နမ့်ဟာရွာထဲကိုကျပြီး အိမ်တစ်အိမ်ကို ထိမှန်ခဲ့တာကြောင့် ဒေသခံရွာသား လေးယောက် သေဆုံးခဲ့ရတယ်လို့ အဲဒီအနီးနားမှာ နေထိုင်တဲ့ အမည်မဖော်လိုသူ ရွာသားတစ်ဦးက ပြောပါတယ်။
"မုံးကိုး စခန်းနဲ့ ဖောင်းဇာ စခန်းကနေပြီး လက်နက်ကြီးနဲ့ ပြန်ပစ်တာပေါ့နော်။ KIA နဲ့ MNDAA ရှိတဲ့ နေရာကို ဖြစ်ချင်တော့ အဲဒီကြားထဲမှာ ပလောင်ရွာတစ်ရွာ ရှိတယ်ပေါ့။ ရွာနာမည်က နမ့်ဟာကျေးရွာ။ အဲဒီကျေးရွာမှာ လက်နက်ကြီးကျသွားတာပေါ့။ ကျသွားတဲ့အချိန်မှာ အိမ်ပေါ်တည့်တည့်ထိအောင် ကျသွားတော့ အဲဒီမှာ ကလေးတစ်ယောက်ရယ်၊ ပြီးတော့ လူလတ်ပိုင်းတစ်ယောက်ရယ်၊ အဖွား နှစ် ယောက်ရယ်။ စစချင်းတော့ သုံးယောက် ပွဲချင်းပြီး သေသွားတယ်။ နောက်တစ်ယောက်ကတော့ လက်နက်ကြီး ဒဏ်ရာပြင်းထန်တော့ နောက်မှ ပြန်သေသွားတာပေါ့။ ဒီမနက်ပိုင်းမှာတင် လေးယောက်လုံး သေသွားတာပေါ့"
မနေ့က စတင်တဲ့ မုံးကိုးမြို့နယ်ထဲက တိုက်ပွဲမှာ စစ်ကောင်စီဘက်က ခြေမြန်တပ်ရင်း ၅၂၅ က တပ်ရင်းမှူး နှစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ အများအပြား သိမ်းဆည်းရမိထားတယ်လို့ ဒေသအခြေစိုက် မီဒီယာတွေက ဖော်ပြနေကြပေမယ့် RFA က သီးခြား အတည် မပြုနိုင်သေးပါဘူး။ စစ်ကောင်စီဘက်ကလည်း ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဘာမှမထုတ်ပြန်သေးပါဘူး။
တိုက်ပွဲဖြစ်တဲ့နေရာနား နေထိုင်တဲ့ နောက်ထပ်ဒေသခံ တစ်ယောက်ကလည်း မုံးကိုး တိုက်ပွဲအတွင်း စစ်တပ်ဘက်က တော်တော်အထိနာခဲ့ပြီး အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ပြောပါတယ်။
"မနေ့က မနက်ပိုင်းက စဖြစ်တာက အဲဒီနားတစ်ဝိုက်ပေါ့နော်။ မနက်ပိုင်းမှာ KIA နဲ့ စဖြစ်တယ်။ KIA နဲ့ တိုက်ပွဲတော်တော်လေး ပြင်းထန်တယ်ပေါ့နော်။ ပြင်းထန်တဲ့အချိန်မှာ MNDAA ပါ ပါလာတယ်။ နောက်ပိုင်းမှာ တိုက်ပွဲက ပြင်းထန်လာတော့ စစ်တပ်ကလည်း ထိုးတက်လာတဲ့အချိန်မှာ MNDAA က KIA နဲ့ ပူးပေါင်းပြီးတော့ ပြန်လည်ပြီးတော့ တိုက်တဲ့အခြေအနေမျိုးမှာ စစ်ကြောင်းတစ်ခုက အဝိုင်းခံရတဲ့ ပုံစံမျိုးဖြစ်သွားတယ် အဲဒီလိုကြားရတာပေါ့နော်။ အဝိုင်းခံရတဲ့ ပုံစံမျိုးဖြစ်သွားပြီး စစ်တပ်က တော်တော်လေး အထိနာသွားတယ်။ ပြီးတော့ KIA နဲ့ MNDAA ဘက်က အများအပြား သိမ်းထားမိတယ် ပေါ့။ အဲဒီတိုက်ပွဲကြောင့်လည်း ဒေသခံ တော်တော်များများ ခုနက လက်နက်ကြီးထိတဲ့ရွာတွေရော တော်တော်များများ ထွက်ပြေးသွားကြတယ်။ ဒါပေမဲ့ ဘယ်ဘက်ကို ထွက်ပြေးသွားလည်းဆိုတာတော့ သူတို့နဲ့ ပြန်အဆက်အသွယ်မရသေးဘူး ဖြစ်နေတယ်"
မုံးကိုးတိုက်ပွဲမှာ KIA က MNDAA နဲ့ ပူးပေါင်းတိုက်ခဲ့တယ်လို့ သတင်းတွေအရ သိရပေမယ့်လည်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကတော့ အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မြေပြင်တိုက်ပွဲ သတင်းအချက်အလက်တွေ မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။
ကြူကုတ် (ပန်ဆိုင်း) နဲ့ မုံးကိုးဒေသတစ်လျှောက်ဟာ KIA နဲ့ MNDAA တပ်တွေ လှုပ်ရှားနေကြတဲ့ ဒေသဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လလောက်ကတည်းက စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ မကြာမကြာဖြစ်ပွားနေတာပါ။
တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်မှာ ထွက်ပြေးခိုလှုံနေကြရပါတယ်။
မနေ့က တစ်ရက်တည်းမှာပဲ ရှမ်းနဲ့ ကယားပြည်နယ်အစပ် လွိုင်လင်လေး မြို့နယ်ထဲမှာလည်း ကရင်နီ တပ်မတော် KA နဲ့ ကရင်နီပြည် ခုခံကာကွယ်ရေးတပ် KNDF တို့ ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
လွိုင်လင်လေးမြို့နယ်၊ တီးလုံအုပ်စု၊ ကွန်နားကျေးရွာနဲ့ ဒေါတဟေးရွာအနီး စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတာကြောင့် ကရင်နီတပ်မတော် KA နဲ့ KNDF တို့က ခုခံတိုက်ခိုက်ခဲ့ကြရတာဖြစ်ပြီး မနေ့က တစ်နေ့တည်းမှာတင် တိုက်ပွဲ လေးကြိမ်ဖြစ်ခဲ့တယ်လို့ KNDF ပြောခွင့်ရှိသူက RFA ကိုပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ကျဆုံးမှုတွေ ရှိခဲ့ပေမယ့် အရေအတွက်ကို အတည်မပြုနိုင်သေးသလို လက်နက်အချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
"တိုက်ပွဲက လေးကြိမ်လောက်ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့နဲ့ စစ်ကောင်စီနဲ့ ဖြစ်တဲ့အချိန်မှာ တပ်ဘက်က အကျအဆုံးတွေတော့ တချို့ရှိတယ်။ ကျွန်တော်တို့ လက်နက်ကျည် တချို့ ရတယ်။ စစ်ကောင်စီရဲ့ ကျဆုံးတာတွေကတော့ ဘယ်လောက်ရှိလဲဆိုတာကို အတိအကျ မပြောနိုင်ဘူး။ ကျွန်တော်တို့ဘက်က လက်နက်ကြီးကျည် ထိမှန်ပြီး တစ်ယောက်ထိတယ်။ မစိုးရိမ်ရဘူး"
"ရွာသားတွေ၊ ဒေသခံတွေကို တမင်တကာ အထိနာစေချင်တဲ့အတွက်ကြောင့် ရမ်းသမ်းပြီးတော့ လျှောက်ပစ်တာ"
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တိုက်ပွဲဖြစ်တဲ့ အနီးနားကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကွန်နားကျေးရွာရှိ နေအိမ် ၁၀ လုံး လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့ပြီး အနီးပတ်ဝန်းကျင်ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတယ်လို့လည်း ရွာသားတစ်ဦးက ပြောပါတယ်။
"ဒီနားမှာရှိတဲ့ ကွန်နားကနေပြီးတော့ ဒီဘက်တစ်ကြော ဒေါဆဲ၊ ဒေါပတ်ပါးလောက်ထိ ရွာ ၂၀ ကျော် လောက်က ထွက်ပြေးတိမ်းရှောင်တယ်။ မနေ့က ညပိုင်းမှာလည်း သူတို့တွေက လွိုင်လင်လေးဘက်က တပ်ကနေ လက်နက်ကြီးတွေနဲ့ လျှောက်ပစ်တာက ကွန်နားအောက်ရွာမှာ ကျတယ်။ အိမ် ၁၀ လုံးလောက် ပျက်ဆီးသွားတယ်။ ရွာထဲမှာ သက်ကြီးမသွားနိုင်တဲ့သူတွေလောက်ပဲ ကျန်တယ်။ တိုက်ပွဲဖြစ်တာက ရွာမှာဖြစ်တာလည်း မဟုတ်ဘူး။ ရွာနဲ့ တော်တော်ဝေးတဲ့နေရာမှာ ဖြစ်တာဆိုတော့ ရွာကို တမင်တကာ ရွာသားတွေ၊ ဒေသခံတွေကို တမင်တကာ အထိနာစေချင်တဲ့အတွက်ကြောင့် ရမ်းသမ်းပြီးတော့ လျှောက်ပစ်တာ"
စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် မနေ့က တစ်ရက်တည်းမှာတင် ထွက်ပြေး တိမ်းရှောင်သွားရတဲ့ ဒေသခံ လေးထောင်လောက်ရှိတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးက တိုက်ပွဲတွေနဲ့ ကယားပြည်နယ်ထဲက တိုက်ပွဲအခြေအနေတွေကို စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။
စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းဟာ အာဏာမသိမ်းခင်အချိန်က RFA က ဖုန်းနဲ့ ဆက်သွယ်ရင် လက်ခံဖြေဆိုတာ ရှိခဲ့ပေမယ့် အာဏာသိမ်းပြီးချိန်ကစလို့ RFA ရဲ့ ဆက်သွယ်မေးမြန်းချက်တွေကို ဖုန်းလက်ခံဖြေဆိုတာ လုံးဝမရှိပါဘူး။
ဒီရက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ဒေသခံ ခုခံကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး စစ်ကောင်စီကို ပြန်လည် ခုခံတိုက်ခိုက်တဲ့ တိုက်ပွဲတွေ ခပ်စိပ်စိပ်ရှိလာနေပြီး ရှေ့လျှောက်မှာလည်း ပိုမိုပြင်းထန်လာနိုင်တဲ့ အလားအလာရှိနေတယ်လို့ ဒေသခံခုခံကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။
Comments
Post a Comment