เรื่องเล่าส่วยยินจ่อ
เพื่อเขียนเรื่องส่วยยินจ่อ ในเพจ เขียนยันต์พม่า
အနှစ်၂၀ကြာအနှစ်ဖုတ်သရဲဝင်ပူး၍လူဟန်ဆောင်၍စားသောက်နေခြင်း
တနေ့သ၌ ရွှေရင်ကျော်ဆရာ ဦးကိုကိုသည် နေထိုင်ရာ
အိမ်တွင် ရှိနေခိုက် ယောက်ဖဖြစ်သူ ဦးထွန်းအောင် ရေးကြီးသုတ်ပြာဖြင့်ရောက်ရှိလာလေသည်။
” ကိုကို ဟေ့ရောင် ကိုကို လာဦးကွ ”
” ဟ ထွန်းအောင် ယောက်ဖ မင်းမလာစဖူး အလာထူးလှချည်လား လာကွာထိုင် ” ” အေးကွာ ငါလည်း သားရေးသမီးရေး ဘာညာတွေကြောင့်ကွာ အခုကိစ္စပေါ်မှ လာတယ်ပြောလည်း မင်းပြောတော့ကွာ ငါခံပါ့မယ် ”
” ကဲဆို ထွန်းအောင် ဘာကိစ္စလဲ ”
” အေး ငါ့ယောက္ခထီးကြီးပေါ့ကွာ သူ့ကိစ္စ ”
” ဘာဖြစ်လို့လဲ မင်းယောက္ခထီးကြီး နေကောင်းတယ်မလား တလောတုန်းကကို ငါမင်းတို့အိမ်ရောက်တုန်းက ငါ့မြင်တော့ သူက ဘုကြည့်ကြည့်သေးတယ်ကွ ငါ သပ်လျိုတာမဟုတ်ဘူး မင်းကိုလည်းမတွေ့လို့ ငါပြန်လှည့်လာတာ”
” အေးကွာ ဘယ်လိုပြောရမလဲ မသိဘူးကွာ အခုလည်း သူက အသက်သာကြီးတာကွ အိမ်ကလူတွေ ဘယ်သူနဲ့မှ မတည့်ဘူး အဲ တစ်ခုတော့ရှိတယ် သူစားချင်တာလေး ချက်ကျွေးလိုက်လို့ကတော့ ဖြီးနေတာမောင် ”
” အင်း ပြောပါဦီး ”
” နေ့ခင်းဆို တစ်နေကုန်စောင်ခြုံကွေးနေတယ် ညကျမှ ထထစားတာကွ ” ” နေ့ခင်းမှာ အပေါ့အလေးရော ထသွားလား ” အဲတာတော့ သွားတယ်ကွ အဲလိုထချိန်မှာ ဘာစားချင်ကြောင်း ပြောတာပဲ ”
” နေမကောင်းဖြစ်တယ်လို့လည်း မကြားမိပါဘူးကွာ
မင်းယောက္ခထီးကြီးက ” ” အေး နေကောင်းတာကတော့ ဒေါင်ဒေါင်မြည်ပဲ ညညထပြီး စားလိုက်သောက်လိုက်တာကလည်း သူ့အတွက်ဖယ်ထားတဲ့ ထမင်းအကုန်ပြောင်ပဲ သူမဝရင် မနက်ကျတော့ ဆဲဆိုနေတာပဲကွ အိမ်ကလူက သူအပါ ငါးယောက်ကွာ အခု ကျန်သူလေးယောက်စားတာက အလွန်ဆုံး တစ်ရက်ကို ၃ ဗူး ၄ဗူးပေါ့ သူတစ်ယောက်တည်း ထိုင်စားရင် တို့လေးယောက်စာနဲ့ ညီတယ်ကွ ” ” !!!! ဟေ ”
” ဟင်းရော ထမင်းရော အိုးကပ်တောင် မကျန်ဘူးမောင် အခုနောက်ပိုင်း ပိုပိုဆိုးလာတယ် ငါက သူ့ကို အပများမှီနေသလားလို့ မသင်္ကာဖြစ်လာတယ်ကွာ ” ” သူ နေမကောင်းတာ မရှိဘူးနော် ” ” နေ့ခင်းဆိုရင် စောင်ခြုံကွေးနေတာကလွဲပြီး အကုန်အကောင်းကွ တခါတခါတော့ သူလုပ်ချင်ရာတွေ လျှောက်လုပ်တတ်တယ်”
” အဲတာကမင်းတို့ ညားပြီးတော့ သိပ်မကြာခင် ဖြစ်တာလား ဒါနဲ့နေပါဦး မင်းတို့ ညားတာ နှစ် ၂၀ လောက်တောင်ရှိပြီလားပဲ ဒီကြားထဲ သူနေမကောင်းတာ ရှိလား ”
” ငါတို့ ယူပြီးနောက် အဘိုးကြီးဆေးရုံတင်ရသေးတယ်လေကွာ အဲတုန်းက မရတော့ဘူးလို့ကို ထင်တာ ဗျုန်းစားကြီး အိမ်ပြန်မယ် ငါနေကောင်းတယ်ဆိုပြီး ဆေးရုံက ဇွတ်ဆင်းတာကွ ငါလည်း သေမယ့်အတူတူ အိမ်ကို အသက်ပါလာတော့ တော်သေးတာပေါ့ဆိုပြီးတွေးပြီး သူ့ကိုတွဲပြီး ကားနဲ့ ပြန်လာတာ အိမ်ကျအကောင်းဗျာ အဲအချိန်ကစပြီး သူ နေမကောင်းဘူးဆိုတာ မရှိသလောက်ပဲ တခါတခါ နေ့ခင်း စောင်ကြီးခြုံပြီး ညည်းနေတာကလွဲလို့ပေါ့ ”
” ထူးဆန်းနေတယ်နော် ထွန်းအောင် ” ” အေးကွ သူ့ ပယောဂတွေများ ရှိနေမလားမသိဘူးနော် ယောက်ဖ”
” ငါ့အထင်မလွဲရင်ပေါ့ကွာ မင်းယောက္ခထီးကြီးကို ငါ ကုရမယ်ဆိုရင် အခေါင်းတခါတည်း ဝယ်ထားမှ သင့်မယ် ထင်တယ်”
” !!! ဘာ …. ဘယ်လို မင်းဟာက မဦးမချွတ်
ကုလို့သေရတယ်လို့ ကိုယ့်သိက္ခာကိုမှ မထောက် ဖွဟဲ့ လွဲပါစေ ပယ်ပါစေ ” ” မင်းငါ့ပညာကို ယုံလား ” ” အေးပါကွာ ပညာကို ယုံပါတယ် မထင်မှတ်တဲ့ စကားမို့ပါ ”
” မင်း မိန်းမကိုလည်း ပြောပြထား ငါ မင်းအိမ်ကို တစ်ည နှစ်ညတော့ လာအိပ်ဦးမယ် အတည်ဖြစ်မှ အခေါင်းဝယ်ပေါ့ ” ” အေးပါ အေးပါ ငါ့ယောက္ခထီးကြီးက ဘာဖြစ်နေတယ်လို့ ထင်လဲ ” “ငါ့အထင် မလွဲရင် မင်းယောက္ခထီးက ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀ တည်းက သေသွားပြီကွ အခု မင်းအိမ်မှာ ရောက်နေတာက ဖုတ်ကွ ”
” ဟာ ဟုတ်ရဲ့လားကွာ ” ” ငါထင်တာမလွဲရင်ပေါ့ ”
” ဒါဆို မင်း အခုလိုက်ခဲ့မှာလား ”
” သဘက်ခါ ”
နောက်နှစ်ရက်မြောက်တွင် ဆရာကိုကိုသည် သူ့ယောက်ဖ၏နေအိမ်သို့ ရောက်ရှိလာလေသည်။ အိမ်ရှေ့အရောက်တွင် ကိုထွန်းအောင်၏ ယောက္ခထီးကြီးသည် ထင်းခွဲနေလေသည်။ အသက်ကား ၆၀ ဝန်းကျင်ခန့်အရွယ်ကြီးက ထင်ခွဲနေသည်မှာ မထင်မှတ်စရာပါပေ။
ဆရာကိုကိုအား မြင်သည်နှင့်တပြိုင်နက် ထင်းခွဲနေသော အဘိုးကြီးသည် ဓားမကို ပစ်ချ၍ “ဟေ့ကောင် သူ့ကို အိမ်ထဲ ပေးမဝင်နဲ့ အဲလူက ယောကျာ်းစုန်းကြီးကွ ” ဟုပြောကာ အိမ်ပေါ်သို့ လျှင်မြန်စွာ တက်သွားပြီးသကာလ သူ၏ အိပ်ယာထက်တွင် စောင်ကို ခေါင်းမြီးခြုံ၍ နေလေတော့သည်။
ဆရာကိုကိုက ယောက်ဖဖြစ်သူအား ဘယ်လိုလဲ ဆိုသောအကြည့်ဖြင့် ကြည့်သော် ကိုထွန်းအောင်မှ ခေါင်းငြိမ့်ပြလေသည်။ ကိုထွန်းအောင်၏ ဇနီးဖြစ်သူမကြူကြူခိုင်ကား သူမ၏ဖခင်အကြောင်း ကိုထွန်းအောင်မှတဆင့် ကြားသိထား၍ မယုံတဝက် ယုံတဝက်ဖြစ်သည့် သဏ္ဍာန် ရှိနေလေတော့သည်။ သူမ၏ မျက်နှာမှာကား သူမ၏ဖခင်ကို ဆရာကိုကိုမှ ထိုသို့ ပြောခြင်းအတွက် မိမိ၏ဖခင်အား ထိပါးသည့်အရာဟု မှတ်ယူ၍လားမသိ ဆရာကိုကိုအားတွေ့လျှင် ယခင်လို စကားသိပ်မပြောချေ။
ဆရာကိုကိုသည် လျပ်တပြတ် ဖြစ်ပေါ်သောအခြေအနေကို ဆရာပါးဝစွာ အကဲခတ်မိလိုက်လေသည်။
ထမင်းဝိုင်းဝယ် သုံးဦးသား လက်စုံစားနေကြသည်။ သားနှင့် သမီးဖြစ်သူတို့မှာ သားကြီးတစ်ယောက်က ရုံးသွားနေပြီး အငယ်တစ်ယောက်က ကျောင်းတက်နေသည်။ ထမင်းချိုင့် ထည့်ပေးလိုက်၍ နေ့ခင်းတွင် ပြန်မလာပေ။ ကိုထွန်းအောင်၏ ယောက္ခမကြီးမှာ ဆုံးသွားသည်မှာ သူတို့ မယူခင်တည်းကပင်ဖြစ်သည်။
” ကြူကြူ ညီမရေ ညည်းအဖေကိုရော ထမင်းစားမခေါ်ဘူးလားဟ ”
” သူက နေ့ခင်းဆိုမစားဘူးအစ်ကိုရဲ့ ” ” ဘာလို့တဲ့လဲ ”
” လက်ရှုပ်လို့တဲ့ ငါ့ဖာသာ ဆာတဲ့အချိန်ထစားမယ်ဆိုပြီး ငေါက်ငေါက်လွှတ်လို့ သူ့အတွက် သီးသန့်ဖယ်ပေးထားရတယ် ”
” သူက ထမင်းရော စားနိုင်ရဲ့လား ညီမ ” အမှန်မှာ ဆရာကိုကိုက မသိဟန်ဆောင်၍ မေးခြင်းဖြစ်လေသည်။
” စားတဲ့အခါကျရင် အတော်စားတယ်အစ်ကို ခက်တာက နေ့ည လွဲပြီးစားတာ သူက ညည မအိပ်တော့ သူ့အတွက် သုံးနပ်စာလောက် ပြင်ထားပေးရတယ်၊ တခါတခါ ည သန်းခေါင်လောက် အဖေထမင်းစားပြီးပြီလားသိချင်လို့ ကြောင်အိမ်ဖွင့်ကြည့်ရင် သုံးနပ်စာလုံး အကုန်ပြောင်နေပြီ ၊ ညီမလည်း ကိုယ့်အဖေ စားနိုင်လို့ စားတာ ဝမ်းသာရတာပေါ့ ၊ အခု အစ်ကိုက အခုလို ပြောတော့ ညီမ ခံစားရပါတယ် နားလည်ပေးပါအစ်ကို ”
” ရပါတယ်ညီမရယ် အစ်ကိုလည်း ဒီလိုကိစ္စကို အတွေ့အကြုံအရ ထင်လို့ရယ် ကိုယ့်ဆွေမျိုးတွေမို့လို့ကြောင့်ရယ် ကြိုပြောတာပါ အစ်ကိုထင်တာ လွဲရင်လည်း စိတ်မဆိုးနဲ့ ”
” ဟုတ်ကဲ့ပါအစ်ကို ညီမ ပြောတာတွေ မှားရင်လည်း အစ်ကို စိတ်မရှိပါနဲ့နော် အဖေ့ကို တတ်နိုင်သလောက် ကယ်ပါ ”
ဆရာကိုကိုသည် ကိုထွန်းအောင်အား အဓိပ္ပါယ်ပါသော အကြည့်ဖြင့် ကြည့်လေသော် ကိုထွန်းအောင်မှ
” ယောက်ဖရေ ငါ့မိန်းမက အဲတာတွေ နားမလည်ဘူးဟ ငါလည်း သူစိတ်ဆင်းရဲမှာ စိုးလို့ အကုန်မပြောပြဘူး ”
” ဘာလဲဟင် ယောကျာ်း ပြောပြလေ အကုန်ပြောပြ ” ကိုထွန်းအောင်မှ ဆရာကိုကို ကို ပြောလိုက်ရမလား ဟူသော အကြည့်ဖြင့်ကြည့်ရာ ဆရာကိုကိုမှ ခေါင်းဆတ်ပြလေသည်။
ကိုထွန်းအောင်က လေသံတိုးတိုးဖြင့်
” မိန်းမ နင့်အဖေ အခုလို မတရာကြီး စားတာတွေဟာ ဖုတ်ဝင်နေတာ ဖြစ်နိုင်တယ်တဲ့ ၊” ” ဖုတ်ဝင်တယ် အဲ့တာဘာဖြစ်တတ်သလဲ ဖုတ်ဝင်တော့ ဖုတ်ဆိုတာက ဘာလဲ ”
ဆရာကိုကိုမှ ကြားဖြတ်၍ ” ဒါက အစ်ကို့အထင်ပါ ဖုတ်ဝင်တယ်လို့ ထင်တာ မကြာခင် အဖြေပေါ်ပါလိမ့်မယ် ၊ ငါ့ညီမကြားပါလိမ့်မယ်။ အစ်ကို ညီမတို့အိမ်ရှေ့ရောက်တုန်းက ညီမအဖေက အစ်ကို့ကို ယောကျာ်းစုန်းလို့ ပြောတာလေ” ” ဟုတ် ကြားတယ်အစ်ကို ”
” တကယ်က ညီမအဖေနဲ့ အစ်ကိုနဲ့က ရင်းတာတော့ မရင်းနှီးဘူး သိရုံပဲ လွန်ခဲ့တဲ့ အနှစ်၂၅နှစ် ကျော်တည်းက သိကြပါတယ် မေးထူးခေါ်ပြောလောက်ပါ ၊ ရန်သူမဟုတ်ဘူး အခုကျ တမျိုးဖြစ်နေတယ် ၊ သူ့သဘောက အခုရန်လိုနေတယ်။ သာမာန်ထက် အစာပိုစားနေတာရယ် စားသလောက်လည်း ဝမလာတာရယ်ကလည်း သံသယဖြစ်ဖွယ်အချက်ပဲ ။ အဲလိုဖြစ်လာရင် ဖုတ်ဝင်တာဖြစ်နိုင်တယ် ”
” အစ်ကိုက ပယောဂကုတဲ့ ဆရာမလား အဖေ ဖုတ်ဝင်တာဆိုရင် ပျောက်အောင် ကုပေးပါအစ်ကို ညီမအပ်ပါတယ်။ ညီမမှာ အမေလည်း မရှိတော့ အဖေ့ကိုပဲ ပြုစုခွင့်ရလို့ပါ ”
ခက်ချေပြီ ။ ကုလည်းခက် မကုလည်းခက် ဖြစ်နေပါရောလား ။ ” အခုတော့ အစ်ကို မပြောနိုင်သေးဘူးညီမ ဒါပေမယ့် ဘယ်ပယောဂကိုမဆို အစ်ကို နိုင်နိုင်နင်းနင်း ကုသနိုင်ပါတယ် စိတ်ချမ်းသာအောင်နေ အစ်ကိုလာတာက ညီမတို့မိသားစုအကျိုးအတွက်ပါ ” ” ဟုတ်ကဲ့ပါအစ်ကို ကျေးဇူးတင်ပါတယ် ” သို့နှင့် ထမင်းလည်းစားအပြီး သက်ပြင်းရှည်ကြီးကို ဆရာကိုကိုမှ မသိမသာ မှုတ်ထုတ်လိုက်မိလေသည်။
” ထွန်းအောင် မင်းငါ့ကို မင်းယောက္ခထီးကြီး နဲ့အခန်းကပ်လျက်နားမှာ အိပ်ယာပြင်ပေးနိုင်မလား ” ” ဟာ ယောက်ဖကလည်း မင်းဘုရားခန်းမှာ အိပ်လေကွာ ” ” သူ့အိပ်ယာနဲ့ ကပ်လျက်အခန်းမရှိလို့လား ” ” ရှိတော့ရှိတယ် အိမ်က အပိုပစ္စည်းတွေထားတဲ့ အခန်းကျဉ်းကျဉ်းလေးမို့ကွ အိမ်ကလည်း ဝါးထရံအိမ်ဆိုတော့ မင်းကို အားနာလို့ပါကွာ”
” မင်းငါ့ကို အားနာတယ်ဆိုတဲ့အခန်းက ငါတို့အတွက် အဆင်ပြေလိမ့်မယ်ကွ ” ” အဲအခန်းက အိမ်နောက်က ကြက်ခြံနဲ့ နီးတော့ ကြက်ချေးနံ့တော့ ရမှာနော် ” ” ရတယ် အဆင်ပြေတယ် ဒီည မင်းပါ ငါနဲ့အတူ စောင့်ကြည့်ကြစို့ ” သြ ကြက်ဆိုလို့ တခါတခါကွာ အဖေ့ပြတင်းပေါက်အခြေမှာ ကြက်မွှေးတွေ တွေ့တယ်ကွ အဖေ့ကို မေးကြည့်တော့ ကြောင်ခုတ်တာဖြစ်မှာလို့ ပြောပြီး ရယ်ရယ်နေတာ သူရယ်တာကလည်း ကြောက်စရာကြီးကွာ ”
” ငါပြောမယ် ဒီညကို သူ့အတွက်ဖယ်ထားမယ့် ထမင်းဟင်းကို လျှော့လိုက်ကွ အဲအခါ သူမနေနိုင်ရင် ကြက်ဖက်ကို မျက်စပစ်ရင် မင်းယောက္ခထီးကြီးက ဖုတ်ဝင်တာအစစ်ပဲ”
” အေးအေး ငါ ကြူကြူ့ကို ပြောလိုက်မယ် ”
သို့နှင့် ညဦးပိုင်းသို့ရောက်သောအခါ ကိုထွန်းအောင်နှင့် ဆရာကိုကိုတို့သည် ကိုထွန်းအောင်၏ ယောက္ခထီးကြီး၏အခန်းနှင့်ကပ်လျက် ဆရာကိုကိုအိပ်ရန်အတွက် ပြင်ဆင်ထားသော စတိုခန်းလေးထဲတွင် စောင့်ဆိုင်းနေကြလေသည်။
သူတို့အခန်းမှနေ၍ တစ်ဖက်ခန်းရှိ ကိုထွန်းအောင်၏ ယောက္ခထီးကြီး၏ အခြေအနေကိုလည်း
ထရံပေါက်မှနေ၍ ချောင်းကြည့်ကြရာ သန်းခေါင်ကျော်သည်အထိ ထိုလူမှာ ထမလာချေ ။ ပြတင်းပေါက်မှ လရောင်ရေးရေးလေး မြင်ရသည်မို့ လျှပ်စစ်မီးသီးကိုလည်း မဖွင့်ချေ။ သို့နှင့် နှစ်ယောက်သား ခေါင်းချင်းဆိုင်လိုက် ချောင်းကြည့်လိုက်နှင့် စောင့်ကြည့်နေခိုက် တိတ်ဆိတ်ငြိမ်သက်နေသော ညကို ဖြိုခွင်းလိုက်သည်က …. ရှပ် ရှပ် ရှပ် ရှပ်
စတိုခန်းဆီသို့ ဦးတည်လာနေသော ခြေသံ ၊ ဖွနင်းလာသော်လည်း ညသည်တိတ်ဆိတ်လွန်း၍လည်းကောင်း တစုံတရာကို သိလို၍ စောင့်ဆိုင်းနေသူများ ဖြစ်၍လည်းကောင်း ထိုလာနေသည့် လမ်းလျှောက်သံကို ပီပြင်စွာ ကြားရကြောင်း ၂ ယောက်လုံး၏ မျက်လုံးချင်းစုံသည့် အကြည့်များက ပြောပြကြသည်။
ထိုလမ်းလျှောက်သံသည် သူတို့နေသည့် စတိုခန်း၏ တံခါးဝအရောက်တွင် ရပ်သွား၏ ။ နှစ်ယောက်သား အသံတိတ်ဆိတ်စွာဖြင့် သတိရှိနေကြသည်။ ကိုထွန်းအောင်မှ တံခါးချက်ကို မထိုးထားမိသည်ကို အမှတ်ရလိုက်သည် ။ သို့နှင့်ထိုခြေသံရှင် မည်သူလဲဟု သိရန် တံခါးဝသို့သွား၍ ထရံပေါက်မှ ချောင်းကြည့်မည့်အခိုက်
!!!! ကတော် ကတော် ကရစ် ရစ် ဖျောက် …
ကြက်ခြံဖက်မှ ကြက်အော်သံကို ကြားရသည်။ ထိုအခါ ဆရာကိုကိုနှင့် ကိုထွန်းအောင်သည် တစ်ဖက်အခန်းမှ ကိုထွန်းအောင်ယောက္ခထီးကြီးကို ကြည့်ရမလား
တံခါးဝမှ ခြေသံရှင်ကို ချောင်းရမလား
ကြက်ခြံဆီသို့ ပြတင်းကနေကျော်ခွသွားရမလား ဗျာများလျက်ရှိနေကြတော့သည်။
ထိုအခိုက် !!! ကျွီ
စတိုခန်းတံခါးသည် ဖြေးညှင်းစွာ ပွင့်လာလေရာ ကြည့်လိုက်သောအခါ ကိုထွန်းအောင်ရဲ့ အမျိုးသမီး ကြူကြူခိုင် ဆံပင်ကြီးဖားလျားချ၍ လက်ထဲမှာလည်း ဝါးရင်းတုတ်တစ်ချောင်းကိုင်လျက်ဝင်လာသည်။ သူမအမူအယာသည် တုတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး မျက်လုံးများသည် ပြူးကျယ်ဝိုင်းစက် စူးရှနေလေသည်။ ကိုထွန်းအောင်မှ ရုတ်တရက် ယောင်၍ သူ့မိန်းမကြူကြူအား လက်သီးဖြင့် ချိန်ရွယ်ရာ ကြူကြူမှ အလန့်တကြား လက်ကာပြပြီး သူမလက်ထဲမှ ဝါးရင်းတုတ်ကိုထိုးပေးသည်။လွန်စွာမှ အရိပ်အခြေ သိသည့် ကြူကြူခိုင်ပင်ဖြစ်သည်။
ထိုအခိုက် ကိုထွန်းအောင်ကို ဆရာကိုကိုမှ လက်တို့ရာ ဆရာကိုကိုလုပ်နေသည့်အတိုင်း ထရံပေါက်မှ တစ်ဖက်အခန်းသို့ ချောင်းကြည့်ကြရာ တစ်ဖက်ခန်းထဲသို့ ပြတင်းပေါက်မှ အရိပ်မည်းကြီးတစ်ခု ကျော်ဝင်လာသည်ကို တွေ့ကြရတော့သည်။ ထိုအရိပ်မည်းကြီး၏ လက်ထဲတွင်မတော့ ရုန်းကန်နေသော ကြက်တစ်ကောင် ။ ကိုထွနိးအောင်၏ ယောက္ခထီးကြီးအိပ်သောအခန်းသည် မီးဖွင့်ထားခြင်းမရှိသော်လည်း ပြတင်းမှ ဝင်လာသော လရောင်ဖြင့် မြင်သင့်သလောက်တော့ မြင်ရပါသေးသည်။
ကြူကြူခိုင်သည် ထရံပေါက်မှနေ၍ သူမဖခင်အား ရှာဖွေရာ ကုတင်ပေါ်တွင်လည်း မရှိချေ။ အခန်း၏အခြားနေရာများတွင်လည်း မရှိ။ သို့ဆိုလျှင် စောစောက ဝင်လာသည့် အရိပ်မည်းမည်းကြီးသည် သူမ၏ ဖခင်ပင်ဖြစ်သလော ။ ထိုအခိုက်
!!! ဂျွတ် … ကတော် ကတော် အွစ် ဖျောက်
” ဟွန်း ငါ့ဖို့ ထမင်းဟင်း နည်းနည်းပဲ ပြင်ပေးထားတာ မသာမ ငါမဝဘူးဆိုတာ မသိတာလားမသိဘူး။ အခုလို ကြက်ကို အစိမ်းလိုက် စားရတော့ ပိုတောင်ကောင်းသေး ”
ကြက်ကို လည်ချိုးရင်း ကုန်းကိုက်လိုက်သော အရာကို မြင်ပြီးနောက်လကြူကြူခိုင်သည် နောက်သို့ လန်ပြီးလဲကျလာလေရာ ကိုထွန်းအောင်မှ အချိန်မီထိန်းလိုက်၍သာ တော်သေးသည်။ ဆရာကိုကိုသည် မြင်ရသော မြင်ကွင်းအား ပြီးဆုံးသည်အထိ မကြည့်တော့ပဲ တိတ်ဆိတ်စွာဖြင့် ကြူကြူခိုင်အား ပြုစု ယပ်ခပ်ပေးရလေသည်။ သူမ၏ ပါးစပ်ကိုကား ကိုထွန်းအောင်မှ လက်နှင့် ပိတ်ထားလေသည်။
မကြာခင် သတိလည်လာသောအခါမှ ဆိတ်ဆိတ်နေရန် အမူအယာနဲ့ ပြရာ သူမမှ ခေါင်းငြိမ့်လေသည်။ ထို့နောက် သူမကို ကိုထွန်းအောင်မှ တွဲချီခေါ်၍ အပေါ်ထက်သို့ ဖြေးညှင်းစွာ တက်သွားကြလေတော့သည်။
မနက်ရောက်သော် ” ကဲ ထွန်းအောင်ရေ ၊ ဘယ်လိုလဲ ငါ ကုရတော့မလား ”
” အေးကွာ ငါလည်း မနက်စောစောမှာ မိန်းမကို အကုန်ပြောပြလိုက်ပါတယ် သူလည်း အရမ်းဝမ်းနည်းတာပေါ့ ဒါပေမယ့် ခဏနေကျတော့ ငါ့ကို အခေါင်းဝယ်ဖို့ ပိုက်ဆံ ထုတ်ပေးပါတယ်ကွာ ငါစိတ်မကောင်းဘူးယောက်ဖရာ ”
” အေးပေါ့ကွာ သတ္တဝါတစ်ခု ကံတစ်ခုပေါ့ ကုရင်လည်း လူနာက သေမယ် မကုရင်လည်း မင်းတို့မိသားစုပိုင်ငွေကို ဖုတ်က စားသောက်နေရင်းနှိပ်စက်မှာကွ။ တကယ်တော့ မင်းယောက္ခထီးကြီးက သေတာ ကြာလှပါပြီကွာ ငါ့အထင်အနှစ်၂၀ လောက်ရှိရော့မယ် ” ” အေးပါယောက်ဖ မင်းကောင်းသလို စီစဉ်ပေးပါ ငါအခု အခေါင်းသွားဝယ်ရတော့မလား ” ” အေး ဝယ်ချည်တော့ နာမည်ပါ တခါတည်းရေးခဲ့ ”
ကိုထွန်းအောင်တစ်ယောက် အခေါင်းကြီးဝယ်ပြီး ပြန်လာရာ ဘေးမှ မြင်တွေ့ကြသော လူများက ထွန်းအောင်ကြီး အမွေရပဟ ဟု နောက်ပြောင်ရင်း ဘယ်တုန်းက ဆုံးတာလဲ ဟု မေးမြန်းကြရာ ” ကြာပြီဗျ ” ” ဟာ … မင်းဟာက ”
လိုက်သာကြည့်ကြတော့ဗျာ ကျုပ်အခု မဖြေနိုင်ဘူး ” သို့နှင့် ကိုထွန်းအောင် ပြန်ရောက်လာသောအခါ အခေါင်းတစ်လုံးနှင့်အတူ ရပ်ကွက်ထဲမှ လူအုပ်ကြီးပါ ပါလာခဲ့လေသည်။
ဆရာကိုကိုသည် ဘုရားစင်ရှေ့တွင် တိုင်တည်သစ္စာဆိုပြီး ရေစင်တော်ကို တောင်းခံလေသည်။ ထိုနောက် အခေါင်းကို အိမ်ရှေ့တွင် မြေပေါ်ချထားစေ၍ အဖုံးကို ဖွင့်ထားစေသည်။
ကိုထွန်းအောင်၏ယောက္ခထီးကြီး၏ အခန်းဝတွင်သွားရပ်ကာ အိပ်ယာပေါ်ရှိ လျောင်းနေသူအား
” ဟဲ့ ဖုတ်ကောင် နင့်မူလပြန်စေ ထွက်စေ ဆက်လက်မှီတွယ်ခြင်းမရှိစေရ ။ မထွက်ခင် ဒီခန္ဓာကို သက်ဆိုင်တဲ့ နေရာကို အရောက်ပို့ပြီးမှ ထွက်ခွာစေ ။ ငြင်းဆန်မရနိုင်စေရ ငြင်းရင် မီး ဆက်တိုက်လောင်စေ ။ အထက်ဆရာတော်ကြီးများရဲ့ အမိန့်အာဏာ ……. ဟုအမိန့်ပြန်၍ ရေစင်တော်ဖြင့် ပက်ချလိုက်ရာ ထ၍ ထိုင်လေသည်။
ထို့နောက် အခန်းအပြင်ဖက်သို့ တစ်လှမ်းချင်းလှမ်း၍ အခေါင်းရှိရာသို့သွားလေသည် ။ ခန္ဓာသည်ကား ရုတ်တရက် ချက်ချင်းဆိုသလို ယိုယွင်းလာချေပြီ ။ ပါးစပ်များ နှာခေါင်းပေါက်များမှ အရိအရွဲများ ယိုစီးကျလာသည် ။ မျက်ကွင်းကြီးကား ဟောက်ပက်ဖြစ်လာ၍ မျက်လုံးများမှာ နီရဲ၍ ပြူးကျယ်ဝိုင်းစက်နေသည်။
ဘာကိုမှ မကြည့်ပဲ အခေါင်းရှိရာသို့သွား၍ အခေါင်းထဲသူဖာသာသူဝင်ထိုင်၍ လျောင်းလိုက်သောနောက်တွင်ကား အပုပ်နံ့များ လှိုင်တက်လာပြီး အသားများမှ လောက်များ တစ်ဖွားဖွားထွက်ကျလာတော့သည်။ ထိုလောက်များသည် အရိုးပေါ်အရေတင်အသားများကို ရုတ်ချည်းစားသောက်ပြီးနောက် အရိုးပြိုင်းပြိုင်းသာ ကျန်ခဲ့လေတော့သည်။
အပုပ်နံ့များ ပျောက်သွားသောအခါ ကိုထွန်းအောင်တို့သည် ချက်ချင်းကို သုဿန်သို့ ပို့ဆောင်သင်္ဂြိုဟ်လိုက်ကြတော့သည်။
ကြူကြူခိုင်သည်ကား အံ့သြဝမ်းနည်း ချောက်ခြားလွန်း၍ ဆေးများပင် ထိုးယူရလေ၏ ။
ပြီးပါပြီ။ ဆရာပြောပြသော ဖုတ်သရဲ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။
Credit: ပယောဂနှင့်ထူးဆန်းအံ့ဖွယ် ဖြစ်ရပ်မှန်များ
ที่มา
http://www.lwinpyin.com/2017/10/phote-about.html
ภาพประกอบ ศาลหลังด่านสิงขรประจวบ ก่อนถึงด่านมูด่อง พม่าครับ
ReplyDeleteถ่ายภาพโดย นายมะริด ขณะอยู่ด่านสิงขร