အပင်မှမျိုး မျိုးမှအပင်၊
အပင်မှမျိုး မျိုးမှအပင် ============== သစ်စေ့ရှိက ထိုအစေ့၏ သီးခဲ့ရာအပင်ရှိခဲ့၏။ ထိုအပင်၏ ပေါက်ခဲ့ရာ အစေ့လည်း ရှိခဲ့၏။ ဤနည်းဖြင့် သစ်စေ့နှင့်သစ်ပင်တို့၏ အစကိုရှာ၍ မတွေ့နိုင်သကဲ့သို့၎င်း၊ ကြက်ဥရှိက ထိုဥ၏အမိ ကြက်မလည်း ရှိခဲ့၏။ ထိုကြက်မ၏ ပေါက်ခဲ့ရာဥလည်း ရှိခဲ့၏။ ထိုဥ၏ အမိကြက်မလည်း ရှိခဲ့ပြန်၏။ ဤနည်း ဖြင့် ကြက်ဥနှင့်ကြက်မတို့၏ အစကိုရှာ၍မတွေ့နိုင် သကဲ့သို့၎င်း၊ ထို့အတူပင် ယခုဘ၀အကျိုးဖြစ်ပေါ်လျက် ရှိခြင်းကြောင့် ထို၏အကြောင်းကံသည် ရှေးဘ၀က ရှိခဲ့၏။ ထိုကံ၏ မှီရာအကျိုးတရားလည်း ထိုဘ၀က ဖြစ်ပေါ်ခဲ့၏။ ထိုအကျိုး၏အကြောင်းကံလဲ ထိုထက် ရှေးကျသော ဘ၀က ရှိခဲ့၏။ ဤနည်းဖြင့် ရုပ်နာမ် အစဉ်ဟူသော သံသရာ၏ ရှေးအစွန်းအစကိုရှာ၍ မတွေ့နိုင်ပြီ။ ဤအရာ၌ ဘုရားသခင်က ဖန်ဆင်းသောကြောင့် ဖြစ်သည်ဟု ဆိုငြားအံ့။ ထိုဘုရားသခင်ကို ဘယ်သူက ဖန်ဆင်းသနည်း။ သူသည် ဘယ်ကာလက ဘယ် အကြောင်းကြောင့် ဖြစ်ပေါ်လာသနည်း။ ဤသို့ စသည်ဖြင့် အရင်းအမြစ်ကို အဆင့်ဆင့်လိုက်၍ ရှာအပ်၏။ ထိုအခါ အစကိုရှာမတွေ့ဘဲသာ ရှိလတ္တံ့။ ထို့ကြောင့် ဘုရားသခင်ဖန်ဆင်းသည်ဟူ၍လည်း မယုံကြည်ထိုက်သည်သာတည်း။ သို့မဟုတ် အဦးအစ ကာလက အကြောင်းမရှိဘဲ အလိုလိုဖြစ်ပေါ်လာသည် ဟု ဆိုငြားအံ့။ အစက အကြောင်းမရှ...