အပင်မှမျိုး မျိုးမှအပင်၊
အပင်မှမျိုး မျိုးမှအပင်
==============
သစ်စေ့ရှိက ထိုအစေ့၏ သီးခဲ့ရာအပင်ရှိခဲ့၏။
ထိုအပင်၏ ပေါက်ခဲ့ရာ အစေ့လည်း ရှိခဲ့၏။
ဤနည်းဖြင့် သစ်စေ့နှင့်သစ်ပင်တို့၏ အစကိုရှာ၍
မတွေ့နိုင်သကဲ့သို့၎င်း၊ ကြက်ဥရှိက ထိုဥ၏အမိ
ကြက်မလည်း ရှိခဲ့၏။ ထိုကြက်မ၏ ပေါက်ခဲ့ရာဥလည်း
ရှိခဲ့၏။ ထိုဥ၏ အမိကြက်မလည်း ရှိခဲ့ပြန်၏။ ဤနည်း
ဖြင့် ကြက်ဥနှင့်ကြက်မတို့၏ အစကိုရှာ၍မတွေ့နိုင်
သကဲ့သို့၎င်း၊ ထို့အတူပင် ယခုဘ၀အကျိုးဖြစ်ပေါ်လျက်
ရှိခြင်းကြောင့် ထို၏အကြောင်းကံသည် ရှေးဘ၀က
ရှိခဲ့၏။ ထိုကံ၏ မှီရာအကျိုးတရားလည်း ထိုဘ၀က
ဖြစ်ပေါ်ခဲ့၏။ ထိုအကျိုး၏အကြောင်းကံလဲ ထိုထက်
ရှေးကျသော ဘ၀က ရှိခဲ့၏။ ဤနည်းဖြင့် ရုပ်နာမ်
အစဉ်ဟူသော သံသရာ၏ ရှေးအစွန်းအစကိုရှာ၍
မတွေ့နိုင်ပြီ။
ဤအရာ၌ ဘုရားသခင်က ဖန်ဆင်းသောကြောင့်
ဖြစ်သည်ဟု ဆိုငြားအံ့။ ထိုဘုရားသခင်ကို ဘယ်သူက
ဖန်ဆင်းသနည်း။ သူသည် ဘယ်ကာလက ဘယ်
အကြောင်းကြောင့် ဖြစ်ပေါ်လာသနည်း။ ဤသို့
စသည်ဖြင့် အရင်းအမြစ်ကို အဆင့်ဆင့်လိုက်၍
ရှာအပ်၏။ ထိုအခါ အစကိုရှာမတွေ့ဘဲသာ ရှိလတ္တံ့။
ထို့ကြောင့် ဘုရားသခင်ဖန်ဆင်းသည်ဟူ၍လည်း
မယုံကြည်ထိုက်သည်သာတည်း။ သို့မဟုတ် အဦးအစ
ကာလက အကြောင်းမရှိဘဲ အလိုလိုဖြစ်ပေါ်လာသည်
ဟု ဆိုငြားအံ့။ အစက အကြောင်းမရှိဘဲ အလိုလိုဖြစ်
ပေါ်လာခဲ့လျှင် ယခုလဲအကြောင်းမရှိဘဲ အလိုလို
သာလျှင် ဖြစ်ပေါ်လာရာ၏။ သို့သော်လည်း ရှုမှတ်မှု
ပစ္စက္ခဉာဏ်ဖြင့်၎င်း၊ ဆင်ခြင်မှု= အနုမာနဉာဏ်ဖြင့်
၎င်း၊ အကြောင်းမရှိဘဲ အလိုလိုဖြစ်ပေါ်နိုင်သော
နာမ်ရုပ်ကို မတွေ့ရချေ။ ထို့ကြောင့် အကြောင်းမရှိဘဲ
အလိုလိုပင်စ၍ ဖြစ်ခဲ့သည်ဟူ၍လည်း မယုံကြည်ထိုက်
သည်သာတည်း။ ဤအရာ၌ ပြခဲ့သော သစ်စေ့နှင့်
သစ်ပင်၊ ကြက်ဥနှင့်ကြက်မ ဥပမာတို့ကိုလည်း
ဥပမေယျနှင့်အလုံးစုံ တူညီသည်ဟု မမှတ်အပ်ကုန်။
မြတ်စွာဘုရား၏ မျက်နှာတော်ကို ကြာပန်းကဲ့သို့
တင့်တယ်သည်ဟု ချီးမွှန်းရာ၌ကဲ့သို့ တစိတ်မျှသာ
တူညီသည်ဟု မှတ်အပ်ကုန်၏။ အဘယ့်ကြောင့်နည်း
ဟူမူ သစ်စေ့နှင့်သစ်ပင် ကြက်ဥနှင့်ကြက်မတို့ကို
ကမ္ဘာဦးကစ၍ ဖြစ်ခဲ့သည်ဟု သိအပ်သော်လည်း
ကံနှင့်ဝိပါက်ဟူသော နာမ်ရုပ်အစဉ် သံသရာ၏အစ
ကိုကား မည်သည့်နည်းဖြင့်မျှ မသိအပ်သောကြောင့်
တည်း။
ထို့ပြင် နောက်ကာလ၌လဲ သစ်ပင်မှ အစေ့ဖြစ်မည်။
ထိုအစေ့မှအပင်ပြန်ဖြစ်မည်။ ထိုအပင်မှ အစေ့ပြန်ဖြစ်
မည်။ ဤနည်းဖြင့် အန္တရာယ်မရှိပါက သစ်ပင်နှင့်သစ်စေ့
တို့၏ ပြတ်ဆဲခြင်းကို ရှုာ၍မတွေ့နိုင်သကဲ့သို့၎င်း၊ ကြက်မ
မှ ဥဖြစ်မည်။ ထိုဥမှ ကြက်မဖြစ်ပြန်မည်။ ထိုကြက်မမှ
ဥဖြစ်ပြန်မည်။ ဤနည်းဖြင့်အန္တရာယ်မရှိပါက ကြက်မနှင့်
ကြက်ဥတို့၏ ပြတ်ဆဲခြင်းကိုရှာ၍မတွေ့နိုင်သကဲ့သို့၎င်း၊
ထို့အတူပင် ယခုဘ၀၌ပြုပြီးသော ကံကြောင့် နောက်ဘဝ
၌ ပဋိသန္ဓေမှစ၍ အကျိုးတရားဖြစ်ပေါ်မည်။ ထိုအကျိုးကို
ပင် မှီ၍ ထိုဘ၀၌လည်း ကောင်းမှုကံ မကောင်းမှုကံ၊
ဖြစ်ပေါ်ဦးမည်။ ထိုကံကြောင့်လဲ တဖန်ဘ၀သစ်ဖြစ်ပေါ်
ဦးမည်။ ဤနည်းဖြင့် ကံနှင့်အကျိုးဟူသော ရုပ်နာမ်တို့၏
ပြတ်ဆဲခြင်းကို ရှာ၍မတွေ့နိုင်ပြီ။ အကြောင်းကံကိုမဂ်
ဉာဏ်ဖြင့် မငြိမ်းစေနိုင်လျှင် ဘယ်အခါမျှပြတ်စဲတော့မည်
မဟုတ်။ တခုခုသောဘ၀မှနောက်ဆုံး စုတိစိတ်ချုပ်လျှင်
ထိုစိတ်၏ အခြားမဲ့၌ပင် ဘ၀သစ်ပဋိသန္ဓေ၀ိညာဏ်စသော
အကျိုးတရားသည် ဖြစ်ပေါ်လျက် ဖြစ်ပေါ်လျက်သာလျှင်
ရှိတော့မည်ဟူ၍ ဤသို့သိမြင်သဘောကျနိုင်သည်ဟူလို။
ကံနှင့်အကျိုးအလိုအားဖြင့် နာမ်ရုပ်အကြောင်းကိုတွေ့မြင်
ပြီးသော ယောဂီသည် ဘ၀ဟောင်းစုတိနှင့် ဘ၀သစ်ပဋိ
သန္ဓေတို့၏ ဖြစ်ပုံကိုလည်း ဤသို့သဘောကျ၏။ မျက်စိထဲ
၌ အဆင်းရုပ်ထင်လျှင် ထိုအဆင်းကို ဘာလဲဟုဆင်ခြင်
သကဲ့သို့ နှလုံးသွင်းမှုဖြစ်၏။ ထိုနှလုံးသွင်းမှု၏အခြားမဲ့၌
မြင်မှုဖြစ်၏။ သို့ဖြစ်ရာ၌ နှလုံးသွင်းမှုနှင့်မြင်မှုတို့သည်
အခြားမရှိကုန်သကဲ့သို့ ထို့အတူပင် စုတိစိတ်နှင့်ပဋိသန္ဓေ
စိတ်တို့သည်လည်း အခြားမရှိကုန်။ ဘ၀ဟောင်းကနောက်
ဆုံးစိတ်ချုပ်ဆုံးသွားလျှင် ရှေးကံကြောင့် ဘ၀သစ်၌ အစဆုံး
စိတ်ဖြစ်ပေါ်လာသည်ဟူ၍ သဘောကျတတ်၏။ သုတများ
သူတို့နှင့် ဆိုင်၏။ သုတနည်းသောသူတို့သည်ကား မြင်မှု
ကြားမှုစသည်၏ အခြားမဲ့၌ မှတ်သိမှုဖြစ်သကဲ့သို့၎င်း၊
မှတ်သိမှု၏အခြားမဲ့၌ မြင်မှုကြားမှုစသည် တဖန်ဖြစ်
သကဲ့သို့၎င်း၊ သေတယ်ဆိုတာလည်း ဒီလိုစိတ်တစ်ချက်
ကုန်ဆုံးသွားတာဘဲ ဘ၀သစ်မှာဖြစ်တယ်ဆိုတာလည်း
သည်လို စိတ်တစ်ချက်ဖြစ်ပေါ်လာတာဘဲ။ ဘ၀ဟောင်း
က နောက်ဆုံးစိတ်ပြတ်သွားသည်နှင့် တပြိုင်နက်
ရှေးကံကြောင့် ဘ၀သစ်ဌာနမှာ အစဆုံးစိတ်တစ်ခု
ဖြစ်ပေါ်လာရုံမျှဘဲ ဟူ၍ သဘောကျတတ်၏။ စုတိ
ပဋိသန္ဓေတို့၏ ချုပ်ပုံဖြစ်ပုံကို ဤမျှလောက်သိမြင်
သဘောကျလျှင်ပင် အတိတ် ပစ္စုပ္ပန် တရားအလုံးစုံကို
အကြောင်းနှင့်တကွ သိမြင်ပြီဟု ဆိုရ၏။
စုတိ ပဋိသန္ဓေတို့၏ ချုပ်ပုံ ဖြစ်ပုံကိုသဘောကျပြီးသော
ဤယောဂီသည် ဘ၀ဟောင်းက နာမ်ရုပ်အသစ်များ
သာ ဖြစ်ပေါ်ကြသည်ဟူ၍ သိမြင်သဘောကျသော
ကြောင့် အတိတ်ဘ၀က နာမ်ရုပ်တို့သည် ထိုအတိတ်
ဘ၀၌သာလျှင် ချုပ်ဆုံးခဲ့ကြ၍ မမြဲကုန်ဟူ၍၄င်း၊
ယခုဘ၀ နာမ်ရုပ်တို့လည်း ယခုဘ၀၌သာလျှင်ချုပ်ဆုံး
ကြ၍ မမြဲကုန်ဟူ၍၄င်း ဤသို့လည်းဆင်ခြင်မိတတ်၏။
ဤဆင်ခြင်မှုသည်ကား သမ္မသနဉာဏ်၏အစပင်တည်း။
သို့ဖြစ်၍ ဖြစ်ခိုက်ရုပ်နာမ်ကို ရှုမှတ်စဉ်မှာပင်ပြခဲ့သော
နည်းငါးပါးတို့တွင် တနည်းနည်းဖြင့် နာမ်ရုပ်၏အကြောင်း
တို့ကို ထိုက်သည့်အားလျော်စွာ တွေ့မြင်၍ ကာလသုံးပါး
၌ အကြောင်းနာမ်ရုပ်ကြောင့် အကျိုးနာမ်ရုပ်မျှသာဖြစ်
ပေါ်လျက်ရှိနေသည်ဟု သဘောကျလျက် မြဲမြံစွာဆုံးဖြတ်
နိုင်သော အသိဉာဏ်သည် ခေါင်ထိပ်သို့ရောက်သော
ပစ္စယပရိဂ္ဂဟဉာဏ်မည်၏။ ဤဉာဏ်သည်ပင်လျှင်
ယုံမှားခြင်း(၁၆)ပါးတို့ကိုလည်းကောင်း၊ ဘုရား တရား
သံဃာ၊ သိက္ခာသုံးပါး၊ အတိတ်နာမ်ရုပ်၊ အနာဂတ်
နာမ်ရုပ်၊ ပစ္စုပ္ပန်နာမ်ရုပ် အချင်းချင်းဆက်စပ်၍ဖြစ်
သော အကြောင်းအကျိုးတရားဟူသော ဤဌာနရှစ်ပါး
၌ ဖြစ်သော ယုံမှားမှုရှစ်ပါးတို့ကို၎င်း လွတ်မြောက်
ပယ်ခွါနိုင်သောကြောင့် ကင်္ခါဝိတရဏ ၀ိသုဒ္ဓိလည်း
မည်၏။
မဟာစည်ဆရာတော်
ဝိပဿနာရှုနည်းကျမ်း ဒုတိယတွဲ

Comments
Post a Comment